အချစ်ရယ်
ကိုယ့်အသည်းကိုယ်ပြန်ခွဲရတာလောက်
ဘယ်အရာကများ ပိုပြီးနာကျင်စေမှာတဲ့လဲ
ပြဿဒါးရက်ခပ်များများနဲ့ကောင်အတွက်
ထာဝရဆိုတဲ့စကားက
ခဲယဉ်းလွန်းအားကြီးလှပါတယ်……
တကယ်တမ်းဆိုရင်
နစ်ဝင်နေခဲ့တဲ့ သမုဒယရဲ့ဇစ်မြစ်
အချစ်လို့သမုတ်ဝံ့ခဲ့တဲ့အမှား
ရင်ခွင်မှာခြစားသလို
တိုက်စားခံခဲ့ရတဲ့ဒဏ်ရာ
ကြာလာတော့လည်းလူမသိပေမဲ့
တဆစ်ဆစ်နာတတ်လာတယ်………
အချစ်ရေ……
ယောင်ယမ်းပြီးနမ်းခဲ့ရတဲ့
အိပ်မက်ထဲကရင်ခွင်နန်းမှာ
အခုချိန်ဆို…..
စံပယ်ပန်းတွေပွင့်နေလောက်ရောပေါ့…
မသိမှုတော်တော်များများကို
တကူးတကစုဆောင်းပြီး
(ငါက)မျှော်လင့်ခြင်းစုဗူးလေးလုပ်ထားဖူးတယ်…….
လေပြည်နုထွေး ဆံစလေးလည်း…..ကဗျာ
ချိုကြည်တေးဆို နှုတ်ခမ်းချိုလေးလည်း……ကဗျာ
အဖြူနဲ့အပြာဟာလည်း……ကဗျာ
ရောင်စုံဘောပင်လေးတွေဟာလည်း…….ကဗျာ
(မင်းနဲ့ပတ်သတ်လာရင်လေ)
ငါ့အိပ်မက်နဲ့ငါ့ကမ္ဘာမှာ
အရာရာဟာ ကဗျာချည်းဖြစ်လို့………..
ပိန်းပိတ်အောင်မှောင်တဲ့ညတွေဆို
ငါ အိပ်မပျော်ဘူး….အချစ်ရယ်
အိပ်မက်ထဲက ထွက်ပြေးသွားတဲ့
မင်းရဲ့ခြေသံတွေအကြားမှာ
ငါ့ နှလုံးသားကို ကျစ်ကျစ်ပါအောင်
ဆုပ်ကိုင်ထားမိပါရဲ့……….
ကမ္ဘာလောကကြီး ပျက်သုဉ်းသွားမှာ
မိုးပြိုကျလာမှာ (ငါ)မကြောက်ပါဘူး….
ဒါပေမဲ့..
မင်းမုန်းသွားမယ့် နေ့မှာတော့
ငါ့ရဲ့သေနေ့စေ့ပါရစေ……..
အေးတိအေးစက် မင်းအပြုံးကို
တစ်သက်လုံး မြင်ခွင့်မရပါစေနဲ့
လျော့တိလျော့ရဲ မင်းရယ်သံ
ဘယ်လို ငါခံစားနိုင်ပါ့မလဲကွယ်
ငါက…
ခိုက်ခိုက်တုန်အောင် ၀မ်းနည်းတတ်ခဲ့ဖူးတယ်….
အချစ်ရေ…….
ဆုံးရှုံးရလွန်းအားကြီးလို
စကြ၀ဠာကြီးတစ်ခုလုံးကို
မုန်းနေမိခဲ့ရင်တောင်
မင်းနာမည်လေး တစ်လုံးကိုတော့
တစ်သက်လုံး အာဂုံဆောင်ထားပါရစေကွဲ့
ငါက…
နည်းနည်းလေးတော့ လွမ်းတတ်တယ်……..
ဒီလိုပါပဲ…
ငါ့ဒိုင်ယာရီစာအုပ်ထဲမှာ
မင်းရဲ့နာမည်လေးရှိတယ်….
ငါ့အခန်းနံရံထောင့်မှာ
မင်းအငွေ့အသက်လေးတွေရှိတယ်…..
ငါ့နှလုံးသား အခန်းငယ်ထဲမှာ
မင်း ကိုယ်ပိုင်နေရာလေးရှိတယ်…..
အချစ်ရေ…..
တစ်ချက်လောက်တော့ ငဲ့ကြည့်ပါဦးလား…….
ထားခဲ့ပါကွယ်…
ပစ္စုပန်ဆိုတဲ့ ညတစ်ညကို
မင်းဖြတ်ကျော်ခဲ့ပြီးရင်
ငါက(မင်းအတွက်တော့)
မနေ့ကသတင်းဖြစ်သွားမှာပါ…….
ဒါပေမဲ့လည်း…အချစ်ရယ်
(မင်းကို သတိရမိရင်လေ)
ငါက….
ကဗျာလေးတွေ ရေးဖြစ်မယ်
စီးကရက်တွေ ပိုသောက်ဖြစ်မယ်
သီချင်းတွေ အကျယ်ကြီးဖွင့်နားထောင်ဖြစ်မယ်
(နောက်ပြီး)
ငါ့စိတ်ကူးထဲမှာ..
မင်းရဲ့နဖူးကို ခပ်ဖွဖွလေးနမ်းပြီး
အနာဂတ်ကို ကုန်ဆုံးစေမှာပေါ့ကွယ်……..။ ။
No comments:
Post a Comment